International News

အာရှ‌ဒေသတွင် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် ပိုမိုကူညီပေးရန်လိုအပ် လျက်ရှိခြင်း

Last Updated:

ဖွံ့ဖြိုးဆဲဈေးကွက်များရှိပုဂ္ဂလိကလုပ်ငန်းများအားငွေကြေးကူညီပံ့ပိုးပေးသည့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Finance Corporation-IFC) စာရင်းအရ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာလအတွင်း အာရှ-ပစိဖိတ်ဒေသရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Micro, small and medium enterprises-MSMEs) မှာ ပြင်းထန်စွာ ထိခိုက်လျက်ရှိရာ ဒေသတွင်းစီးပွားရေး ပြန်လည် ကောင်းမွန်လာရန် အကူအညီများ ပိုမိုလိုအပ်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်မှလည်း စီးပွားရေးဘဏ်များမှ ချေးငွေများဖြင့် လည်ပတ်နေသော ကုမ္ပဏီများကို ကူညီပံ့ပိုးပေးနိုင်ရန် ဆန်းစစ်လျက်ရှိကြောင်း၊ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် လုပ်ငန်းများအား ချေးငွေများ ကူညီပံ့ပိုး ပေးသည့် အစီအစဉ်ဆောင်ရွက်ခဲ့သော်လည်း ဘဏ်များ မှလုပ်ငန်းကြီးများကိုသာ ဦးစားပေးထုတ်ချေးပေးခဲ့ပြီး MSMEs များအတွက် ချေးငွေ မရရှိခဲ့သဖြင့်  ငွေကြေးအကြပ်အတည်းကြောင့် ရက်သတ္တပတ်အနည်းငယ်အတွင်း လုပ်ငန်းများရပ်ဆိုင်းလိုက်ရကာ လုပ်ငန်းများ ပြိုလဲသွားကြ ကြောင်း၊ COVID-19  ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း စီးပွားရေးကျဆင်းလျက်ရှိသောကြောင့် အာရှ- ပစိဖိတ်ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးနိုင်ရန် အမေရိကန်ဒေါ်လာ (၁) ဘီလီယံနှင့် COVID-19 နှင့် ဆက်စပ်နေသာ ကုန်သွယ်မှုရန်ပုံငွေ အမေရိကန် ဒေါ်လာ(၄၉၂) မီလီယံအား IFC မှထုတ်ပေးခဲ့ကြောင်း၊ အာရှဒေသရှိ ခရီးသွားလုပ်ငန်းနှင့် အသေးစားလုပ်ငန်းများ ထိခိုက်လျက်ရှိရာ ကမ္ဘာလုံး ဆိုင်ရာလုပ်ငန်းများအား ဟောင်ကောင်ဒေါ်လာ (၈) ဘီလီယံ ပံ့ပိုးသည့် အစီအစဉ်ကို IFC သည် မတ်လမှစတင်၍ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ အစီအစဉ်တွင် လုပ်ငန်းများအတွက် အလုပ်သမား လစာများနှင့် ဘီလ်ပေးချေမှုများကို ပံ့ပိုးပေးမည့် ကာလတိုရန်ပုံငွေ အမေရိကန် ဒေါ်လာ(၂) ဘီလီယံပါဝင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဘဏ္ဍာရေးနှစ်လုပ်ငန်းလည်ပတ် ငွေအစီအစဉ်မှ SMEs လုပ်ငန်း (၁၇,၅၀၀) အတွက် အကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျန်းမာရေးစောင့်ရှောက်မှု အတွက် ဆေးဝါးလုပ်ငန်းများ၊ ဆေးရုံများနှင့် ဆေးဘက်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများ တင်သွင်းသူများကို ပံ့ပိုးပေးနိုင်ရန် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ရန်ပုံငွေအစီအစဉ်သစ်တစ်ခု ကြေညာခဲ့ကြောင်း၊ အာရှဒေသ၌ COVID-19 ဖြစ်ပွားမှု ပြန်လည် နလန်ထူလာမှုမှာ အမေရိကန်နှင့် ဥရောပဒေသတို့ထက် ပိုမိုလျင်မြန်ကြောင်း၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့၏ စီးပွားရေးအခြေအနေမှာ ကောင်းမွန်မှုရှိသည်ကိုတွေ့ရှိရကြောင်း၊ တရုတ်နိုင်ငံသည် အခြားနိုင်ငံများထက် ပိုမို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ခြေရှိကြောင်း၊ ၂၀၁၉ ခုနှစ်ကဲ့သို့ စီးပွားရေးအခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်အထိ ကြာမြင့်နိုင်ကြောင်းနှင့် အမေရိကန်နှင့် ဥ‌ရောပသမဂ္ဂတို့ ပြန်လည် နလန်ထူနိုင်မည့်အပေါ်လည်း မူတည်နေကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Chad Bray က “ ‘More Support Needed for Small Firms in Asia” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြ ထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

 

Category: International News